နတ်မောက်မြို့နယ်တွင် ငရုတ်သီးခြောက် စျေးကောင်းရရှိ၍ အမြတ်ငွေပိုမိုရရှိ

နတ်မောက်   ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ငရုတ်စိုက်တောင်သူများမှာ ငရုတ်သီးခြောက် စျေးကောင်းရရှိ၍ အမြတ်ငွေပိုမိုရရှိကြောင်းသိရသည်။

“ကျွန်မတို့အနေကတော့ ငရုတ်ကိုနှစ်စဉ်စိုက်ပျိုးပါတယ်၊ ငရုတ်စိုက်မယ်ဆိုရင် သင်္ကြန်အပြီးနှစ်ဆန်း(၁)ရက် (၂)ရက်နေ့တွေဆိုရင် ပျိုးထောင်ရပါတယ်၊ သင်္ကြန်မှာ မိုးပါလို့ရှိရင် ထယ်ရေးပြင် ဂျောင်းဆွဲပျိုးသက် (၄၅)ရက်သားလောက်နဲ့ စိုက်လို့ရပါတယ်၊ စိုက်ပျိုးချိန်ကတော့ မိုးရေရရှိမှုအပေါ် မှာ မူတည်ပြီးစိုက်ရပါတယ်၊  ငရုတ်ကို ယာထဲချစိုက်မယ်ဆိုရင် ပြုပြင်ပြီးထယ်ရေးထဲမှာ  တန်းကြား ပင်းကြားနှစ်တောင်ထွာထားပြီး ကျင်းတူးရပါတယ်၊ ကျင်းထဲမှာ သဘာ၀နွားချေး၊ မြေဩဇာအညို ထည့်၍ ရေထည့်ပြီးမှ ငရုတ်စိုက်ရ ပါတယ်၊ အဲဒီလိုစိုက်ပြီးရင် ပေါင်းမြက်ရှင်းလင်းခြင်း၊ မြေထောင်ပုံ ပေးခြင်းလုပ်ငန်းများဆောင်ရွက်ရပါတယ်၊ တစ်လခွဲအရွယ်မှာဆိုရင် ငရုတ်များအပွင့်ပွင့်ပြီး အသီးများ စသီးပါတယ်၊ ပထမဆုံးအသီးများကိုအခြောက် မလှမ်းဘဲ ငရုတ်သီးအစိုအဖြစ် စျေးကွက် ကို တင်ပို့ရောင်းချပါတယ်၊ သီတင်းကျွတ် နောက်ပိုင်း မှာဆိုရင်တော့ ငရုတ်ကို အခြောက်လှမ်းပြီး ရောင်းချပါတယ်၊ ဒီနှစ်မှာဆိုရင် ငရုတ်သီးအစိုနှင့် ငရုတ်သီးခြောက် စျေးက အရင်နှစ်နဲ့မတူပါဘူး၊ မထင်မှတ်အောင် စျေးကောင်းပါတယ်၊ အရင်နှစ်က ငရုတ်အစိုတစ်ပိဿာ (၁၂၀၀)နဲ့ ငရုတ် အခြောက်တစ်ပိဿာ (၆၀၀၀)ရောင်းရပြီး ဒီနှစ်မှာဆိုရင် ငရုတ်အစိုတစ်ပိဿာ(၂၈၀၀)နဲ့ ငရုတ်  အခြောက်တစ်ပိဿာကို (၁၄၀၀၀)အထိရောင်းရပါတယ်၊ အဲဒီလိုရောင်းရတဲ့အတွက်  ငရုတ်စိုက် တောင်သူများ အမြတ်ငွေပိုမိုရကြကြောင်း” ငရုတ်စိုက်တောင်သူ မသန်းဝေကပြောသည်။

 မူမူစန်း