ပွင့်ဖြူမြို့နယ်၌ စားနပ်ရိက္ခာဖူလုံစေရန် ဆောင်းသီးနှံ ပဲလွမ်းကို ဧက ၃၀၀၀ ကျော် လျာထားစိုက်ပျိုး ဆောင်ရွက်

ပွင့်ဖြူ   ဒီဇင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်  ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ စိုက်ပျိုးခြင်းကို စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး ပဲလွမ်းသီးနှံဧက ၃၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံဧက ၃၂၃၂ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက မိုးနှောင်းကာလ ရွာသွန်းခဲ့သောမိုးဖြင့် နိုဝင်ဘာလ ဒုတိယပတ်ခန့်က စတင်စိုက်ပျိုးခဲ့ရာယခုအခါ မြေပြင်စိုက်ပျိုးပြီးစီးမှု ဧက ၁၀၀၀ ကျော်ခန့် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကာ  သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီးတော့ ပဲလွမ်းသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး စိုက်ဧက ၃၂၃၂ ဧက လျာထား စိုက်ပျိုးဆောင်ရွက်လျက်ရှိပါတယ်။ ဆောင်းသီးနှံပဲလွမ်းစိုက်ပျိုးခြင်းကိုတော့ နိုဝင်ဘာလ ဒုတိယ ပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ရာ ယခုဒီဇင်ဘာ ဒုတိယပတ်မှာ မြေပြင်စိုက်ပျိုးပြီးဧက ၁၀၀၀ ကျော် လောက်စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက်ဒေသခံတောင်သူတွေကိုလည်း စိုက် ပျိုးရေးဆိုင်ရာနည်းစနစ်များကို အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်ပေးထားပါတယ်။ ဒေသခံတောင်သူတွေကလည်း သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် ကြိုးပမ်းစိုက်ပျိုး ဆောင်ရွက်နေကြပါတယ် " ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရ သည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ပဲလွမ်း၊ ပဲကြီး၊ ပဲကြား၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲနောက်၊ ပဲယင်း၊ ထောပတ်ပဲ၊ ပဲပုတ် စသည့် ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး ပဲမျိုးစုံသီးနှံစိုက်ဧက ၃၉၇၁၂ ဧက လျာထား စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)