ရေနံချောင်း ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဆောင်းသီးနှံ နေကြာဧက ၂၀၀ ကျော်အား စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ရေနံချောင်းမြို့နယ်၌ ဆီထွက်သီးနှံအဖြစ် မိုးသီးနှံ မြေပဲဧက ၃၉၄၅၀၊ နှမ်းဧက ၂၁၃၁၂၊ နေကြာ ဧက ၉၉၆ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၎င်းအပြင် ဆောင်းသီးနှံ မြေပဲဧက ၁၇၄၂ လျာထား လုပ်ကိုင်လျက်ရှိရာ လက်ရှိဧက ၁၀၅၀ စိုက်ပျိုးနေကြောင်းနှင့် ဆောင်းသီးနှံ နှမ်းဧက ၈၃၃ လျာထားပြီး နွေသီးနှံ နှမ်းဧက ၉၆၄ လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မိုးသီးနှံ နေကြာဧက ၁၄၁၇ လျာထားလုပ်ကိုင်ရာ ဧက ၉၉၆ ရိတ်သိမ်းနိုင်သည့်အပြင် ဆောင်းသီးနှံ နေကြာဧက ၂၃၄၃ စိုက်ပျိုးလျက်ရှိကြောင်း အဆိုပါဌာနမှသိရသည်။ ဆောင်းသီးနှံနေကြာစိုက်ပျိုးရာမှာ ယာမြေစိုက်နှင့်ကိုင်းမြေစိုက်ဆိုပြီး စိုက်ပျိုးကြရာ လက်ရှိယာမြေစိုက် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း၊ ကိုင်းမြေများ၌ လက်ရှိတောင်သူတွေ နေကြာစိုက်ပျိုးလျက်ရှိကြောင်း ဒေသခံပြည်သူ တစ်ဦးထံမှသိရသည်။
နေကြာသီးနှံကို စားသုံးဆီအဖြစ် ကြိတ်ခွဲရောင်းချရာတွင် နေကြာတစ်တင်းလျင် ဆီသုံးပိဿာထွက်ရှိပြီး နေကြာဖတ်ကို တိရိစ္ဆာန်အစားအစာအဖြစ် ရောင်းချကြကြောင်း၊ မိသားစုဝင်ငွေရသည့်အပြင် စားသုံးဆီအတွက် အဆင်ပြေကြောင်း သိရသည်။
အောင်ချမ်းသာ(ပြန်/ဆက်)