ပွင့်ဖြူမြို့နယ်၌ ဧရာမင်းစပါးတစ်တင်း ငွေကျပ် ၁၄၀၀၀ ဈေးဖြင့် အရောင်းအဝယ်ကောင်းမွန်

ပွင့်ဖြူ  ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ခင်းများကို ဒေသခံတောင်သူများက ဆောင်းသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍ ဖြိုင်ဖြိုင် ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး စပါးများလှိုင်လှိုင်သိမ်းဆည်းချိန် ဧရာမင်းစပါးဈေးနှုန်းမှာတစ်တင်းလျှင်ငွေကျပ် ၁၄၀၀၀ ဈေးဖြင့်အရောင်းအဝယ်ကောင်းမွန်နေ၍ မြို့နယ်အတွင်းရှိ ဧရာမင်းမိုးစပါး စိုက်ပျိုး တောင်သူများ သီးနှံဝင်ငွေ ကောင်းမွန်ပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။  

ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီမှာ ကျွန်တော်တို့ဒေသက ဧရာမင်းစပါးစိုက်ပျိုးတောင်သူတွေ ဈေးကောင်းရရှိလို့ လုပ်ငန်းအဆင်ပြေကြတယ်။ မိုးစပါးစိုက်ခင်းတွေမှာ ဆောင်းသီးနှံပြန်လည်အစားထိုး စိုက်ပျိုးရန်အတွက် ဒေသခံတောင်သူတွေက စပါးရိတ်သိမ်းခြွေလှေ့စက်များကို ငှားရမ်းပြီး ဒီဇင်ဘာလ ဆန်းပိုင်းကစပြီးတော့ ဖြိုင်ဖြိုင်ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ မိုးစပါးသီးနှံပေါ်စတုန်းက ဧရာမင်း စပါးဈေးက တစ်တင်းကို ငွေကျပ် ၁၃၀၀၀ ဈေးပဲ အရောင်းအဝယ်ရှိခဲ့တယ်။ ခုနောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ ဧရာမင်းစပါးဈေးက တစ်တင်းကို ငွေကျပ် ၁၄၀၀၀ ဈေးအထိအရောင်းအဝယ်မြင့်တက်လာတယ်ဗျ။ ဒါ့ကြောင့် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ကျွန်တော်တို့ဒေသက ဧရာမင်းမိုးစပါးသီးနှံ စိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေကောင်းမွန်ပြီး စီးပွားရေးတွက်ခြေကိုက်တယ်ဗျ။ ဧရာမင်းစပါး တစ်ဧကစိုက်ပျိုးကုန်ကျစရိတ် အနေနဲ့ ငွေကျပ် လေးသိန်းဝန်းကျင်ခန့် ကုန်ကျပြီးတော့ အထွက်နှုန်းက တစ်ဧကပျမ်းမျှ စပါးတင်းရေ ၈၀ ကျော်လောက် ထွက်ရှိပါတယ်။ ယခု ရောင်းနေရတဲ့ စပါးဈေးနဲ့ဆိုရင် တစ်ဧကကို ငွေကျပ် ၁၁ သိန်းကျော်လောက် ပြန်ရပါတယ်။ စပါးဈေးကောင်းရရှိလို့ တောင်သူတွေ အဆင်ပြေသလို စပါးရိတ်သိမ်းခြွေလှေ့စက် အငှားလိုက်တဲ့သူတွေလည်း တစ်ဧကကို ရိတ်သိမ်းခြွေလှေ့ခ ငွေကျပ် တစ်သိန်းနဲ့ နေ့စဉ် ရိတ်သိမ်းခြွေလှေ့ပေးနေရတော့ လုပ်ငန်းအဆင်ပြေကြပါတယ်။ ကျွန်တော် တို့ဒေသမှာ အဓိကစိုက်ပျိုးတဲ့ မိုးစပါးမျိုးတွေကတော့ ဧရာမင်း၊ ပခန်းရွှေဝါ၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ သီးထပ်ရင်၊ ချမ်းမြေ့မေ၊ မနောသုခ၊ ဧရာပဒေသာစတဲ့ စပါးမျိုးများကို စိုက်ပျိုးကြတာဖြစ် ပါတယ်"ဟု ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ စပါးစိုက်ပျိုးတောင်သူ ကိုငယ်လေးက ပြောသည်။   

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ် လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးဧက ၆၉၆၄၅ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထား ဧကထက် ၅၅၁ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ မိုးစပါး စိုက်ပျိုးထားရှိမှုစာရင်းများအရ သိရသည်။   

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)