မုံရွာ ဒီဇင်ဘာ ၂၁
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် အားတက်သရောပါဝင်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မုံရွာစီးပွားရေးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ကြီးဒေါက်တာသီတာကြူက အမှာစကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမြင့်နိုင်စိုးနှင့် မုံရွာစီးပွားရေးတက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာရီရီချိုနှင့်အတူ မုံရွာစီးပွားရေးတက္ကသိုလ်မှ စတုတ္ထနှစ်စာရင်းအင်းပညာအထူးပြု ကျောင်းသူမအက်စတာဇိုရှန်းမွန်က “လူငယ်နှင့်ယဉ်ကျေးမှု”၊ ဒုတိယနှစ်စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသားမောင်ဖြိုးမြတ်ကိုက “လူငယ်နှင့်ဆိုရှယ်မီဒီယာ”၊ ဒုတိယနှစ်ဘောဂဗေဒအထူးပြု ကျောင်းသူမခင်မြတ်နိုးက “လူငယ်နှင့်စာဖတ်ခြင်း၊ ပထမနှစ်စာရင်းကိုင်ပညာအထူးပြု ကျောင်းသားမောင်ဘုန်းမြတ်မင်းက “လူငယ်နှင့်အားကစား”၊ ပထမနှစ်ဝါဏိဇ္ဇဗေဒအထူးပြု ကျောင်းသားမောင်ဟိန်းဘုန်းသာက “လူငယ်နှင့်ကျန်းမာရေး” စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ကြီးဒေါက်တာသီတာကြူနှင့် တာဝန်ရှိသူများက အပြန်အလှန်ဆွေးနွေးဖြေကြားခဲ့သည်။
ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ကြီးဒေါက်တာသီတာကြူက စစ်ကိုင်းတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူ ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား အမှတ်တရဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ကြီးဒေါက်တာသီတာကြူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခများနှင့် ဆရာဆရာမများ၊ စစ်ကိုင်းတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်း၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်နိုင်စိုးနှင့်ဝန်ထမ်းများ၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၀၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်းသိရပြီး ဆွေးနွေးပွဲအပြီးတွင် မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများအား အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့်ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)