ကလိန်အောင် ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်လဲ့ က လူငယ်များဟာ နိုင်ငံရဲ့အနာဂတ်ဖြစ်သည့်အတွက် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ အမိနိုင်ငံတော်ကို ကမ္ဘာအလယ်မှာဝင့်ထည်စွာ ရပ်တည်နိုင်အောင် ကြိုးစားသွားရမှာဖြစ်သည့်အတွက် လူ့လောကတွင် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ အရေးကြီးကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့် တင်ပေးရန်၊ စကားပြော အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့် ကောင်းများရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များ သာမက ပြင်ပစာအုပ်စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့နှင့် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း Grade-11 မှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်အောင်ကျော်ကျော်ဗိုလ်နှင့်မ စန္ဒီစိုးတို့က "လူငယ်နှင့် ကျန်းမာရေး" ခေါင်းစဉ်ကို လည်းကောင်း၊ Grade-10 မှ မောင်လင်းသူရဖြိုးနှင့် မသွန်းရွှေဇင်တို့က "လူငယ်နှင့် စာပေ" စသည့်ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)