(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများပြုလုပ်

မေတ္တာ ဒီဇင်ဘာ  ၂၀

 

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဆိုင်ရာ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊​ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့ နံနက်( ၁၀) နာရီက ပြသပေးခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် မြန်မာ့လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မှတ်တမ်းများ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၌ အလံတော်တင်အခမ်းအနားပြုလုပ်ခဲ့ကြသည့် မှတ်တမ်းပုံများနှင့်၁၉၄၇ -ခု နှစ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား များပထမအကြိမ်ကျင်းပသည့် တိုင်းပြုပြည်ပြုလွှတ်တော်သို့ တက်ရောက်ခဲ့ကြသည့်မှတ်တမ်းများ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့်ပင်လုံစာချုပ်၊ "လွတ်လပ်ရေးအတွက်ဒို့အလှည့်" (ကဗျာ)စသည့်အကြောင်းအရာများ ပြသပေးထားသည်။

ဆက်လက်၍ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ အထင်ကရနေ့ထူးနေ့မြတ်များကို အစဉ်အမှတ်ရစေရန်နှင့် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် သမိုင်းဝင်စာအုပ်များ၊ အခြားဗဟုသုတရရှိစေမည့် စာအုပ်များအား ခင်းကျင်းပြသပေးလျက်ရှိကြောင်း သိရသည်။

အေးအေးချို (ပြန်/ ဆက်)