တောင်ကြီး ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ် ပြည်နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး နည်းပြသင်တန်းဖွင့်ပွဲကို ၂၀၂၂ ခုနှစ်၊ ယနေ့နံနက် (၉) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဆင့် (၃) ဖြစ်သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းစဉ်သည် အဓိကကျတဲ့ လုပ်ငန်းဖြစ်၍ မြေပြင်တွင် မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူနိုင်ရန် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် ပြည်နယ်အဆင့် နည်းပြသင်တန်းကို ယနေ့ကစပြီး (၂)ရက်ကြာ (၂) ကြိမ် ပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အဆင့် သင်တန်း တက်ရောက်လာသူများသည် သင်တန်းတွင် ပို့ချမှုများကို စနစ်တကျ သင်ကြားပို့ချမှုခံယူပြီး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို (၂၇.၁၂.၂၀၂၂) ရက်နေ့မှာပို့ချပြီး သင်တန်း (၂) ကြိမ် ပို့ချရန် လိုအပ်သည့်မြို့နယ်များမှာ (၂၈.၁၂.၂၀၂၂) ရက်နေ့မှာ ထပ်မံပို့ချသွားရမှာ ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသောနေရာများအလိုက် သင်တန်းတွေ ပို့ချနိုင်ရန်နှင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်တဲ့အခါမှာ မြေပြင်တွင် အမှန်တကယ် လုပ်ငန်းဆောင်ရွက်ပြီး ကြီးကြပ်တာဝန်ယူနိုင်အောင် တာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်သင့်တဲ့သူများကို ထည့်သွင်း ပို့ချသွားနိုင်ရေးကိုလည်း ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဆောင်ရွက်ရမှာ ဖြစ်သည့်အတွက် သက်ဆိုင်ရာ စာရင်းကောက်အဖွဲ့များအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် သက်ဆိုင်ရာ ခရိုင်/မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက် ကော်မတီများက ကြပ်မတ်ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ ဒီမြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်း အဆင့် (၃) ဟာ အိမ်ထောင်စု လူဦးရေ စာရင်းများကို Print ထုတ်ယူပြီး သက်ဆိုင်ရာ နယ်မြေအလိုက် မြေပြင်လူဦးရေကို တစ်နိုင်ငံလုံး ပြန်လည်စစ်ဆေးတဲ့ လုပ်ငန်းဖြစ်လို့ နိုင်ငံတော်အတွက် အရေးကြီးတဲ့ လုပ်ငန်းဖြစ်သလို အသုံးဝင်မည့် အချက်အလက်တွေကို တစ်ပါတည်းရရှိမည့် လုပ်ငန်းဖြစ်ပြီး ယခုဆောင်ရွက်နေဆဲ ပန်းခင်းစီမံချက်နဲ့ အကြုံးဝင်မည့်သူများကိုလည်း လမ်းညွှန်ချက်များအတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တင်းပို့ချနေမှုအား ကြည့်ရူအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ ကလောခရိုင်မှ စုစုပေါင်း အင်အား (၅၁) ဦး၊ လာရောက်တက်ရောက်ပြီး ပြည်နယ်အဆင့်နည်းပြသင်တန်းကို (၂) ရက်ကြာ (၂) ကြိမ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ကျန်သည့်ခရိုင်များကိုလည်း ဆက်လက်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)