နမ့်ခမ်း ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးသူငယ်များ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးသူငယ်များအား စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရရှိစေရန်နှင့် ကလေးသူငယ်များမှ ပျော်ရွှင်ရသော အချိန်ပိုင်းကို အကျိုးရှိရှိအသုံးချတက်စေရန်ရည်ရွည်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ကျင်းပပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် နမ့်ခမ်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း (KG)တန်းမှ ကလေးသူငယ်များ၊ အမှတ်(၉)ရပ်ကွက်မှ ရပ်ကွက်နေ ကလေးသူငယ်များ (၂၀)ဦးတို့ ပါဝင်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့သည်။ ပြုလုပ်ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အတွက် ဆေးရောင်ခြယ် ပြိုင်ပွဲမှ ဆုရရှိသူ(၃)ဦးအား ဆုများကိုပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများ ကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူ များအား ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်လာမည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် စာဖတ်ဝိုင်းစာပေဆွေးနွေးခြင်း၊ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ/ နံရံကပ်စာစောင်ပြသခြင်း၊ ဟောပြောပွဲ ပြုလုပ်ခြင်းစသည့် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့်အကြောင်းအရာများကို ခင်းကျင်းပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နမ့်ခမ်း (ပြန်ဆက်)