မိုးမိတ်မြို့တွင် ပြည်နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်း ဖွင့်လှစ်

မိုးမိတ်  ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ပြည်နယ်အဆင့် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က နိုင်ငံတော်ရဲ့ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ် အရ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသည့် ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွား နိုင်ရန်အတွက်  အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ပြည်သူလူထုမှ မှန်မှန်ကန်ကန် ရွေးချယ် တင်မြှောက်နိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးဟာ အလွန်အရေးကြီးသည့်အခန်း ကဏ္ဍ ဖြစ်သောကြောင့် လာမယ့်ရွေးကောက်ပွဲမှာ မှန်ကန်တဲ့စာရင်းရရှိဖို့ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးပြီး ရရှိလာတဲ့ စာရင်းကိုအခြေခံပြီး ဆောင်ရွက်သွားမှာဖြစ်ခြင်းကြောင့် အရေးကြီးပါသဖြင့် သင်တန်းပို့ချ ချက်များကို စနစ်တကျလေ့လာမှတ်သားစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းနည်းပြဖြစ်သူ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ခိုင်က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး စီမံချက်သင်တန်းဆိုင်ရာများ ဖွဲ့စည်းပုံနှင့်တာဝန်များ၊ မြေပြင်ကွင်းဆင်း ကောက်ယူရေး ရပ်ကွက်၊ ကျေးရွာအလိုက် မြေပြင်တစ်အိမ်တက်/ဆင်း ကောက်ယူရေး အဖွဲ့များဖွဲ့စည်းခြင်းနှင့် စာရင်းကောက်လက်စွဲစာစောင်များ ရှင်းလင်းခြင်း၊ စာရင်းကောက်လက်စွဲ စာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ ရှင်းလင်းခြင်း အစရှိသည့် အကြောင်းအရာများကို ရှင်းလင်း ပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို မိုးမိတ်မြို့နှင့် မဘိမ်းမြို့တို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာမှ ဝန်ထမ်းများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသား/သူ (၁၂) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ နှစ်ရက်ဖြစ်ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)