ခရိုင်အဆင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဥတ္တရသီရိ  ဒီဇင်ဘာ  ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဥက္ကဋ္ဌ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာရန် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ကလေးသူငယ်များ၏ စွမ်းအားမြင့်မားလာစေရန် ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များအနေဖြင့် ကလေးများ အတွက်ကောင်းမွန်သည့် အနာဂတ်ကောင်းများ ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းများကို ပုံဖော်နိုင်စေရန် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

 ဆက်လက်၍ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အမှတ်(၁)လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ရဲမှူးမြင့်အောင်က လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားစံလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)