နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် မန်းငြိမ်းမောင်သည် ပန်းတနော်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပန်းတနော်၊ ဒီဇင်ဘာ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် မန်းငြိမ်းမောင်သည် ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်ခန့်က ဧရာ၀တီတိုင်းဒေသကြီး ပန်းတနော်မြို့သို့ ရောက်ရှိကာ မြို့ကွက်သစ်ရပ်ကွက် ပြည်လုံးချမ်းသာ ကပ်ကျော်လာဘမုနိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမျှော်ပူဇော်ပြီး မြဘုံသာ ကျောင်းတိုက်ဆရာတော် ဦးကောဝိဒအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်၀တ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် မန်းငြိမ်းမောင်သည် ပန်းတနော်မြို့ မြို့ကွက်သစ်ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ဆောက်လုပ်လျက်ရှိသော လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ၀င်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာ‌ကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် မန်းငြိမ်းမောင်သည် ဆုတောင်းပြည့် ကျေးရွာအုပ်စု ဝါးတောကျေးရွာရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာသို့ ရောက်ရှိရာ ဧရာ၀တီတိုင်းဒေကြီး၀န်ကြီးချုပ် ဦးတင်မောင်၀င်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် အဖွဲ့၀င်များက လာရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။

ပြည့်ဖြိးကျော်(ပြန်/ ဆက်)