သနပ်ပင် ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်း၍ လူဦးစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းပြောကြားခဲ့သည်။ ထို့နောက် သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်ဌေးက နိုင်ငံတော်မှကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ် မှန်ကန်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆင့်(၃)ဆင့်တွင် ပါရှိသည့် မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ Software အတွင်း ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်းများကို မြို့နယ်များအလိုက် Print ထုတ်ယူ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေတစ်ခုချင်းစီအား မှန်ကန်သော စာရင်းရရှိရေး မြေပြင်ကွင်းဆင်း ကောက်ယူရေး လုပ်ငန်းလမ်းညွှန်ချက်များ ဆွေးနွေးပြောကြား ခဲ့သည်။
သနပ်ပင်မြို့နယ်အတွင်းလူဦးရေစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်းကောက်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
လှမိုး(ပြန်/ဆက်)