ရေနံချောင်း ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂ ပညာသင်နှစ် အဝေသင်သင်တန်း ဝိဇ္ဇာ/သိပ္ပံ ဘွဲ့ရမောင်မယ်များအား ပထမအကြိမ် ဘွဲ့နှင်းသဘင်ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပရာ ဘွဲ့နှင်းသဘင်အခမ်းအနား လုပ်ထုံးလုပ်နည်း အစီအစဉ်များနှင့်အညီ ကျင်ပခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လများတွင် ကျင်းပခဲ့သော အဝေသင်သင်တန်း ဝိဇ္ဇာ/သိပ္ပံဘွဲ့ စာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ဘွဲ့ရမောင်မယ် တက်ရောက် ၂၃၇ ဦးနှင့် အဝေးရောက် ၄၈ ဦးတို့အား ရေနံချောင်း တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ဘွဲ့များအသီးသီးအပ်နှင်းချီးမြှင့်ခဲ့သည်။
ရေနံချောင်းတက္ကသိုလ်ကို ရေနံချောင်းဒီဂရီကောလိပ်အဆင့်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ယခုကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်းအနားသည် ရေနံချောင်းတက္ကသိုလ်၏ ပထမဆုံးအကြိမ် ကျင်းပသည့် အခမ်းအနားဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ကျင်းပခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများမှ ဝိဇ္ဇာ/သိပ္ပံဘွဲ့နှင့် ဂုဏ်ထူးဘွဲ့ရ မောင်မယ် ၂၈၃ ဦးကို ဒီဇင်ဘာ ၁၆ ရက်နေ့က လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လများတွင် ကျင်းပခဲ့သော အဝေသင်သင်တန်း ဝိဇ္ဇာ/သိပ္ပံဘွဲ့နှင့် ဂုဏ်ထူဘွဲ့ရ မောင်မယ် ၄၀၀ ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့က လည်းကောင်း သက်ဆိုင်ရာ ဘွဲ့များကို တစ်ပေါင်းတည်း ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်ထံမှ သိရသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာယဉ်ယဉ်အေးနှင့် ပါမောက္ခ (ဌာနမှူး) များ၊ သင်ကြား/စီမံဌာနမှူးများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဘွဲ့ရ မောင်မယ် များနှင့် မိဘဆွေးမျိုးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်