မုဒုံမြို့နယ်တွင် ကိုကိုးသီးနှံစိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်

မုဒုံ  ဒီဇင်ဘာ ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုကိုးသီးနှံစိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်း၌ဖွင့်လှစ်ရာ နေပြည် တော် နှစ်ရှည်သီးနှံဌာနခွဲမှ တာဝန်ရှိသူများက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်ကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင့်နိုင်၊ မုဒုံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

သင်တန်းဖွင့်ပွဲတွင်  နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ခြံတာဝန်ခံက တောင်သူများသို့ နည်းပညာများ ပြန်လည်ဖြန့်ဝေနိုင်ရန်၊ ရော်ဘာစိုက်တောင်သူများမှ ရော်ဘာသီးနှံအပြင် ဝင်ငွေရသည့် ကိုကိုးသီးနှံအား ရော်ဘာနှင့်တွဲဖက်၍ စိုက်ပျိုးလာခြင်းဖြင့် ဝင်ငွေတိုးတက်လာပြီး မြေယာထုတ်လုပ်မှုစွမ်းအားပိုမိုမြင့်မားလာစေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။ ထို့နောက် နှစ်ရှည်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေးက နှစ်ရှည်သီးနှံ၏ သီးနှံအမယ်သစ်ဖြစ်သော ကိုကိုးသီးနှံနှင့်ပတ်သက်ပြီး ဝန်ထမ်းများလေ့လာသိရှိနိုင်ရန်၊ လူ့စွမ်းအားအရင်းအမြစ် အမြန်ဆုံးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝန်ထမ်းများအား သင်တန်းကိုအကြိမ်ရေများများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကိုကိုးအခြေခံသင်တန်းပြီးပါက ဆရာဖြစ်သင်တန်းများကိုပါ  ယခုဘတ်ဂျက်အတွင်း ဌာနပိုင်ခြံဝန်ထမ်းများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ရှိ ဝန်ထမ်းများအား ထပ်မံပို့ချပေးသွားမည်ဖြစ်ကြောင်း Virtual ဖြင့် တွေ့ဆုံပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူးက စိုက်ပျိုးရေးဦးစီးဌာန၏ ရည်မှန်းချက်(၃)ချက် အနက် ဝန်ထမ်းများ စွမ်းဆောင် ရည်မြင့်မားစေရန်အတွက် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သီးနှံအသစ်ကို သေချာစွာသိရှိနိုင်ရန် သင်တန်းသားများမှ လေ့လာသွားရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြ ခြောက်ဦးမှ ကိုကိုးသီးနှံ၏ မျိုးပွားနိုင်သော နည်းစနစ်များနှင့် မျိုးပွားထုတ်လုပ်ခြင်း၊ မျိုးစေ့ရွေးချယ်ပျိုးထောင် ပြုစုထိန်းသိမ်းခြင်း၊ ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းခြင်း၊ အသီးခူးဆွတ်ခြင်း၊ အချဥ်ဖောက်အခြောက်လှန်းခြင်းနှင့် သိုလှောင်ခြင်း၊ လေ့လာရေးခရီးများနှင့် အုပ်စုအလိုက်ဆွေးနွေးခြင်း သင်တန်းတို့ကို ရန်ကုန်၊ ရှမ်း၊ပဲခူး၊မွန်ပြည်နယ်/ တိုင်းဒေသကြီးများမှ စိုက်ပျိုးရေးဝန်ထမ်း သင်တန်းသား/သူ စုစုပေါင်း (၃၀)ဦးအား စာတွေ့လက်တွေ့ဖြင့် ငါးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

သားငယ် (ပြန်/ဆက်)