စလင်းမြို့နယ်တွင် သာသနာ့ရက္ခိတစာတော်ပြန်ပွဲ အသင်းကြီး၏သြဝါဒစရိယ ဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသော ပန္နရသမ (၁၅) ကြိမ်မြောက် ပါဠိအာဂုံစာတော်ပြန်ပွဲ ကျင်းပပြုလုပ်

စလင်း  ဒီဇင်ဘာ  ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် သာသနာ့ရက္ခိတ စာတော်ပြန်ပွဲ အသင်းကြီး၏ သြဝါဒစရိယ ဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသော ပန္နရသမ (၁၅) ကြိမ်မြောက် ပါဠိအာငုံစာတော်ပြန်ပွဲကို ယနေ့ဒီဇင်ဘာ (၁၉) ရက် နံနက်( ၇) နာရီအချိန်က စျေးမရပ်ကွက် မြရတနာဓမ္မာရုံကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 စလင်းမြို့နယ် ပန္နရသမ (၁၅) ကြိမ်မြောက် ပါဠိအာဂုံစာတော်ပြန်ပွဲကို ၁၃၈၄ ခုနှစ် နတ်တော်လပြည့်ကျော် (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ အသင်းဥက္ကဋ္ဌဆရာတော်  ဦးစန္ဒောဘာသ၊ အရှေ့သဲကုန်းကျောင်းမှ ကြီးမှူးကျင်းပသည့် စာထောက်၊ စာမ၊ ကြီးကြပ်ဆရာတော် (၅၅) ပါးတို့မှ အနီးကပ်ကြီးကြပ်၍ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ မကွေးမြို့စာသင်တိုက်အသီးသီးတို့မှ ရဟန်းသာမဏေ (၈၉) ပါး၊ သီလရှင် (၂၀) ပါး၊ စုစုပေါင်းသံဃာတော်နှင့် သီလရှင်ဆရာလေးအပါး (၁၀၉) ပါးတို့မှ ပါဠိအာဂုံပြန်ဆိုတော် မူကြမည်ဖြစ်ကြောင်း သိရသည်။

ပါဠိအာဂုံစာတော်ပြန်ပွဲကြီးကို ပရိယတ္တိသာသနာတော် တည်တံ့ခိုင်မြဲ စည်ပင်ပြန့်ပွားစေရန်နှင့် သာသနာ့အာဇာနည် အရှင်သူမြတ်များ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး၊ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ဝါနည်း၊ ဒုတိယနေ့ (၂၀) ရက်နေ့တွင် သဒ္ဒါ၊ တတိယနေ့ (၂၁) ရက်နေ့တွင် သဂြိုလ်၊ ဆရာတော်တို့အား ပါဠိအာဂုံဖြေဆိုကြရမည် ဖြစ်သည်။ အဆိုပါ ပါဠိအာဂုံ စာပြန်ဆိုတော်မူပွဲအား ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့်၊ စာထောက်၊ စာမ၊ ကြီးကြပ်ဆရာတော်များနှင့် ပါဠိအာဂုံပြန်ဆိုတော်မူလာကြသည့် ရဟန်းသာမဏေများနှင့် သီလရှင်ဆရာလေးများအား နံနက်အာရုံဆွမ်း အဟာရအဖြစ် မုန့်ဟင်းခါး၊ အချိုပွဲများဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြောင်းကို သာသနာရေးဦးစီးဌာန ဦးမင်းအောင်ထံမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့