ကျိုက်ထို ဒီဇင်ဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြို့မမူလတန်းကြိုကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက် လာစေရန် စွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျိုက်ထို (မြို့မ)ကံ့ကော် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလေးငယ်များအား မြန်မာစာလုံးဆက်နည်း၊ အင်္ဂလိပ်စာလုံးဆက်နည်း၊ အရောင်ရွေးချယ်နည်း၊ အာလူးကောက်ပြေးပွဲနှင့် အသီးချိတ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ပေးရာ ကလေးငယ်(၃၂)ဦးက တပျော်တပါးပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများက သွေးစည်းညီညွတ်ဖို့ ပင်လုံသက်သေပြု တိုင်းရင်းသား သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာလွင်မှ ယခုပြုလုပ်သော စွမ်းရည်ပြိုင်ပွဲများသည် ကလေးငယ်များအတွက် ကျန်းမာပျော်ရွှင်၍ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးပြီး မိမိကိုယ်မိမိ အားကိုးတတ်လာစေမည့် အထောက်အကူများ ရရှိလာနိုင်စေရန် ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ထူးချွန်ဆုများနှင့် လက်ဆောင်ပစ္စည်းများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ရာ ကလေးငယ်များက အကပဒေသာများ ကပြဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျိုက်ထို ပြန်/ဆက်