ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ပန်းနှမ်းအား သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုး ပြီးစီး

ပွင့်ဖြူ ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံပန်းနှမ်း စိုက်ပျိုးခြင်းကို ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပန်းနှမ်းသီးနှံဧက ၁၁၅ စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး နိုဝင်ဘာလ တတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ မြေပြင်စိုက်ပျိုးပြီးစီးဧက ၁၂၇ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်မှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီးတော့ ပန်းနှမ်းသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး စိုက်ဧက     ၁၁၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးဧက ၁၂၇ ဧက စိုက်ပျိုးနိုင်ခဲ့လို့  သတ်မှတ်လျာထားတဲ့ စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာဆိုရင် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအနေနဲ့ မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံ (၄)မျိုးကို စုစုပေါင်း စိုက်ဧက ၃၁၃၄၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါတယ်။  ဒေသခံတောင်သူတွေကိုလည်း ဆီထွက်သီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သီးနှံအထွက်နှုန်းတိုးပွားစေရန်အတွက် အခြေခံစိုက်ပျိုးရေးနည်းစနစ်များကို အသိပညာပေး ဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေဖူလုံမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများက (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရန်အတွက် ပန်းနှမ်းသီးနှံ အပါအဝင် မြေပဲ ၊ နှမ်း ၊ နေကြာ စသည့် ဆီထွက်သီးနှံဧက ၃၁၃၄၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)