အထက်မင်းလှ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင် ဒေါ်မြမြမင်းက အသင်းမှလုပ်ငန်းဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ခင်မြမူက၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် သက်ငယ်မုဒိမ်းအကြောင်း အသိပညာပေး ဆွေးနွေးပြောကြားပြီး၊ အဖွဲ့ဝင် ဒေါ်နော်အဲလစ်က သားဆက်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းနှင့် ဘဏ္ဍာရေးမှူး ဒေါ်တင်ဝမ်းက အသင်း၏ဘဏ္ဍာငွေရရှိမှုနှင့် သုံးစွဲမှုအခြေအနများအား ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်လာသည့် အသင်းအဖွဲ့ဝင်များက အသင်းမှ ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့သည်။
အဆိုပါ နှစ်ပတ်လည် အစည်းအဝေးသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥယျာဉ်ကျေးရွာမှ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)