တောင်တွင်းကြီးမှ ပုဂံအဝင် အစုန်အဆန်လူစီးမီးရထားများပြေးဆွဲပေး၍ ခရီးသွာများအဆင်ပြေ

နတ်မောက်  ဒီဇင်ဘာ ၁၉

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုလွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် တောင်တွင်းကြီးမှ ပုဂံအထိ အစုန်အဆန်လူစီးရထားများကို ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ပြေးဆွဲပေးခဲ့ရာ ခရီးသွားပြည်သူများအဆင်ပြေကြကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်အထိ တောင်တွင်းကြီးမှ ကျောက်ပန်းတောင်း- ပုဂံလမ်းပိုင်းတွင် မီးရထားပြေးဆွဲမှုမရှိခဲ့၍ ခရီးသွားပြည်သူများသွားလာရေး အဆင်မပြေကြောင်း၊ မီးရထားခရီးစဉ်မရှိ၍ မော်တော်ကားများကိုသာ အားကိုးအားထားပြု၍ ခရီးသွားရသဖြင့် ယာဉ်စီးခကြီးမြင့်စွာ စီးနင်းသွားလာရကြောင်း ၊ အမှတ် ၁၀၈ အစုန်ရထားဖြင့် တောင်တွင်းကြီးဘူတာအထိလည်းကောင်း၊ အမှတ်၁၀၇ အဆန်ရထားဖြင့် ကျောက်ပန်းတောင်း-ပုဂံအထိလည်းကောင်း သွားလာ၍ရနေကြောင်း၊ နတ်မောက်မှခရီးသည်များအနေဖြင့် လူမှုရေးကိစ္စပေါ်ပေါက်ပါက တောင်တွင်းကြီးသို့ နံနက်ပိုင်းရောက်ရှိပြီး တောင်တွင်းကြီးမှ နေ့ချင်းပြန် နတ်မောက်သို့ပြန်နိုင်၍ မြန်မာ့မီးရထားကို ကျေးဇူးတင်ကြောင်း ခရီးသည်မချိုက ပြောသည်။

ပုဂံဘူတာမှ ထွက်ခွာလာသည့် အမှတ် ၁၀၈ အစုန်ရထားဖြင့် လိုက်ပါလာသူခရီးသွားများသည် တောင်တွင်းကြီးဘူတာတွင် ပျဉ်းမနားဘူတာသို့ ဆက်လက်ထွက်ခွာမည့် အမှတ်(၁၀၄)အစုန်ရထားသို့ ဆက်လက်ချိတ်ဆက်၍ နေပြည်တော်အထိစီးနင်းနိုင်ကြောင်း၊ ယခုပြေးဆွဲနေသည့် တောင်တွင်းကြီး-မြို့သစ်-နတ်မောက်-ကျောက်ပန်းတောင်း ပုဂံရထားလမ်းပိုင်းတွင် လမ်းပိုင်းရှိ ဘူတာ(၁၇)ဘူတာသို့ ရထားရပ်နားပေးသဖြင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။

မူမူစန်း