မုဒုံ ဒီဇင်ဘာ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့က ရက်ကန်းနှင့် အသက်မွေးပညာ လုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကိုကျင်းပခဲ့သည်။
ရှေ့ဦးစွာ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ် မိုးမိုး စန္ဒာထွန်းက ရက်ကန်းပညာရပ် ရိုးရာယဥ်ကျေးမှု အမွေအနှစ်များ မတိမ်ကောမပပျောက် စေရန်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများအကြောင်းကို ပြည်သူများ သိရှိစေပြီး တစ်ပိုင် တစ်နိုင်လုပ်ငန်းများကို ထူထောင်နိုင်စေရန် ရည်ရွယ်၍ ဆွေနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုဒုံမြို့)မှ ကျောင်းအုပ်ကြီး ဒေါ်မြတ်ဇာခြည်ကျော်က သင်တန်းကျောင်း၏ ရည်ရွယ်ချက်များ၊ စက်ရက်ကန်း၊ လက်ရက်ကန်းသင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေများ၊ သင်တန်းဆင်းမည့် သင်တန်းသူများအတွက်ဌာနမှ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများအကြောင်း၊အခြားအသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများဖြစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာများ၊ ဖဲနှက်ကောက်၊တိုင်းရင်းသားရိုးရာဂျပ်ခုတ် သင်တန်း၊ စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ သဘာဝချည်ဆိုးဆေးနည်း သင်တန်း၊ အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းများအကြောင်း၊ အခြေခံစက်ချုပ် သင်တန်း၊ အိတ်ချုပ်သင်တန်းများနှင့် သင်တန်းကျောင်းမှ ရက်လုပ်သည့်အထည် အမျိုးအစားများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းအနေဖြင့် နှစ်စဥ် ချည်မျှင်နှင့် အထည် အလိပ်ကျွမ်းကျင် တစ်နှစ်သင်တန်း၊ လက်ရက်ကန်း ခြောက်လသင်တန်းများကို သင်ကြား ပေးလျက်ရှိပြီး မြို့နယ် ရပ်ကွက်/ ကျေးရွာများအပြင် အခြားအနယ်နယ် အရပ်ရပ်မှ ရက်ကန်း ပညာရပ်ကို စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များလည်း တက်ရောက်နိုင်ပါကြောင်း၊ သင်တန်းလာရောက်တက်သူများကိုလည် တစ်လလျှင် ထောက် ပံ့ငွေကျပ် ၃၀၀၀ အပြင် နေရေးထိုင်ရေးကိစ္စများကိုလည်း တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်းများစိတ်ပါ ဝင်စားပါက သင်တန်းကျောင်းနှင့် ဖုန်း ၀၅၇ ၇၀၁၇၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)