မော်လမြိုင် ဒီဇင်ဘာ ၁၇
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပြန်/ ဆက် လက်ထောက်ညွှန်ကြားရေးမှူးနှင့် စားသုံသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ အကြီးတန်းစာရေး ဒေါ်အိအိစမ်းတို့က စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျော်မှန်းချက်၊ ရည်မှန်းချက်(၄)ရပ်၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းသည့်ခုနှစ်နှင့် စားသုံးသူအခွင့်အရေးအကြောင်းအရာ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့် ဆောင်ပုဒ်များအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါစားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show Video ကို စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်နိုင်ရေး ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရန် ရည်ရွယ်ချက်များဖြင့် သိရှိနိုင်ရန် မော်လမြိုင်ခရိုင်ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Mawlamyine page တို့တွင်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ခရိုင်ပြန်/ ဆက်)