မော်လမြိုင် ဒီဇင်ဘာ ၁၆
နေ့ထူးနေ့မြတ်ထဲတွင် တစ်ရက်အပါအ၀င်ဖြစ်သော လွတ်လပ်ရေးနေ့ကို ပြည်သူများ အစဉ်အမြဲ သတိရနေစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဦးဇင်အောင်ကျော်ထင်နှင့် စာရေးဆရာမ ဒေါ်နန်းဖြူဖြူထွန်းတို့က လွတ်လပ်ခြင်း၏ အရသာ၊ လွတ်လပ်ရေးဆိုသည်မှာ၊ နယ်ချဲ့တို့၏ ကျူးကျော်စစ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းအကျဉ်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ဗဟုသုတများ တိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ၊ ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင် (ပြန်/ ဆက်)