မော်လမြိုင်မြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင်     ဒီဇင်ဘာ     ၁၅

မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်ကျောင်း(ပညာညီလာခန်းမ)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မော်လမြိုင်ပညာရေးဒီဂရီ ကောလိပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသီင်္ဂီကျော်က အမှာစကားပြောကြားပြီး မွန်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းနွယ်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်၍ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ ပါမောက္ခသင်ပြနည်းဌာန ဒေါ်ခင်ခွာညိုက ဦးဆောင်ဖြည့်စွက်ဆွေးနွေးပြီးပညာရေးဒီဂရီ ကောလိပ်ဒုတိယနှစ်ကျောင်းသား/သူများဖြစ်ကြသော မရွှေရည်လင်းလက်က လူငယ်နှင့်ကိုယ်ကျင့်တရား၊ မောင်အောင်ပိုင်စိုးက လူငယ်နှင့်ကျန်းမာရေး၊ မနှင်းဝတ်ရည်က လူငယ်နှင့်စာပေ၊ မောင်သော်ဇင်မိုးက လူငယ်နှင့်အားကစား၊ မအေးအေးမွန်က လူငယ်နှင့်နည်းပညာစသည့် ခေါင်းစဉ်များဖြင့်  ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

(ခရိုင်/ပြန်ဆက်)