သံဖြူဇရပ် ဒီဇင်ဘာ ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍ လဝက်အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြေပြင်လူဦးရေစာရင်းကောက်ယူခြင်း၊ အပတ်စဥ်စနေနေ့တိုင်း ရပ်ကွက်/ ကျေးရွာများနှင့်ရုံးဌာနများ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်းပြုလုပ်ရေး၊ လုံခြုံရေးကိစ္စများ အလေးထားဆောင်ရွက်ကြစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် ကွင်းဆင်းဆောင်ရွက်နိုင်မှု အခြေအနေ၊ မြေအောက်ရေခမ်းခြောက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနမှ ချောင်းပိတ်၊ မြောင်ပိတ် ပြုလုပ်ကြစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး အကောင်ထည်ဖော်ဆောင် ရွက်နိုင်မှုချရှင်းခြင်း၊ မော်လမြိုင်-ရန်ကုန် ပြေးဆွဲမည့် လေယာဥ်ခရီးစဉ်နှင့် မီးရထားခရီးစဉ်များ ချပြခြင်း၊ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနား ဆောင်ရွက်နိုင်ရေးနှင့် ရပ်ကွက်ကျေးရွာအလိုက် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ကြစေရေး အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၁- ဗိုလ်မှူး သက်ထွန်းဦးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစေရေး ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ခင်မောင်ထွန်းက လုံခြုံရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရေး အသိပညာပေး ဆောင်ရွက်ရန်ပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစည်သူ (ပြန်/ ဆက်)