သီပေါမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ပဉ္စမအကြိမ် ထောက်ပံ့ငွေပေးအပ်

သီပေါ   စက်တင်ဘာ  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကြောင့် အလုပ်အကိုင်နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရ၏ ပဉ္စမအကြိမ်ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀/-)စီ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင်           မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး က       ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ထောက်ပံ့ငွေများကို မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူများထံ လွှဲပြောင်း  ပေးအပ်ခဲ့သည်။

ဆက်လက်၍ အဆိုပါ ကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထပ်ဆင့်လွှဲပြောင်းပေးအပ်ခဲ့ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ပြည်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သီပေါမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုပေါင်း (၄၉၇၃)စုရှိပြီး အဆိုပါအိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ စုစုပေါင်းကျပ် ၉၉၄ သိန်း ခြောက်သောင်းကို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)