ပေါင် ဒီဇင်ဘာ ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နေ့လယ်က ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အသိပညာပေး ဟောပြောသည်။
ယင်းနောက် မူလတန်းအဆင့် ပုံပြင်ပြော၊ ဉာဏ်စမ်းပဟေဠိ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်၊ ပန်းချီဆွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၅၂)ဦးတို့က အဖွဲ့များခွဲ၍ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဟောပြောပွဲသို့တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ သုတစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ စိတ်ဝင်တစားလိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)