မုဒုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲကျင်းပ

မုဒုံ      ဒီဇင်ဘာ     ၁၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍  ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်  ၁၀  နာရီက ရှင်အရဟံခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများဖြစ်သည့် ကုလသမဂ္ဂသဘောတူစာချုပ် အခြေခံမူ(၄)ရပ်၊ CRC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၅)ရပ်နှင့် အသက်(၁၈)နှစ်အောက် လူသားတိုင်းများ၏ အခွင့်အရေးများအကြောင်း၊ မူးယစ်ဆေးဝါးအန္တရယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းများနှင့်ပတ်သတ်၍  ရှင်းလင်းဟောပြောသည်။ ထို့နောက်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်အောင်က သဘာဝဘေးအန္တရာယ်များသည့် ငလျင်ဘေး ၊ မီးဘေး ၊ ရေဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုဘေးစသည့်ဘေးအန္တရာယ် ဆိုင်ရာများအကြောင်းကို ရှင်းလင်းဟောပြောပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ဖွဲ့မှူးဦးအောင်ဆန်းထွန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ မိုင်းအန္တရာယ်အသိပညာပေးခြင်းများကို ဟောပြောခဲ့ကြသည်။

ယင်းဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၄၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်၍  မေးခွန်းအမေးအဖြေများကို  ကျောင်းသား/ သူများအား မေးမြန်းကာ လက်ဆောင်ပစ္စည်းများ၊ အာဟာရမုန့်များပေးအပ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)