မုဒုံ ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့လှကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအခြေအနေများကို မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံဝန်ထမ်းများက ဒီဇင်ဘာ ၁၁ ရက်နေ့က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီစေရန်၊ ဒေသခံကျေးလက်နေပြည်သူများ ရေရှည်အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။ အဆိုပါကျေးလက်ကုန်ထုတ်လမ်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထေင်စုရန်ပုံငွေကျပ် ၉၅ ဒသမ ၈ သန်းဖြင့် လမ်းအရှည် ၁/ ၁ ဒသမ ၅၄ မိုင်အား လမ်းအကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မဖြင့် ဂဝံမြေသားလမ်းခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီကတာဝန်ယူ၍ ဇွန်လ ၂၉ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
ယင်းကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာနေပြည်သူများနှင့် တောင်သူ ၃၅ ဦး၏ စိုက်ပျိုးလယ်မြေဧက ၁၀၀ အတွက် ရာသီမရွေးအဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာစိုက်ခင်းများမှထွက်ရှိသော သီးနှံထုတ်ကုန်များကို ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
သားငယ် (ပြန်/ဆက်)