ကျိုက်ထို ဒီဇင်ဘာ ၁၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ် မြတ်နိုးသူများအသင်း (BookClub)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် အခြေခံပညာ အထက်တန်းကျောင်း(ရွှေဥဩ) အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသားကျောင်းသူများ အနေဖြင့် ကျောင်းမှ သင်ကြားပေးသည့် ပညာရပ်များအပြင် စာအုပ်၊ စာပေလေ့လာခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး၊ မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာ မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်းဝင် ဦးတင်ထွေး၊ ဒေါ်တင်ထားအေးနှင့် အ.ထ.က(ရွှေဥဩ)မှ ကျောင်းသား မောင်ဇေယျာလင်း ထွန်း၊ မောင်ရွှေတိုး၊ ကျောင်းသူ မသုန္ဒရီတို့က ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာပေရေးရာများမှ ရရှိသော အသိပညာများ အားဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ စာပေဝါသနာရှင်များမှ ပြန်လည်ဖြေကြားခဲ့ပြီး အ.ထ.က (ရွှေဥဩ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ် စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများ အသင်းဝင်များ၊ အ.ထ.က (ရွှေဥဩ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)