မောင်တော ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးနေဦးက အဖွင့်အမှာစကား ပြောကြားပြီး မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က မောင်တောခရိုင်အတွင်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးကာကွယ်စောင့်ရှောက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ ကလေးသူငယ်မှုခင်းများ၊ ကာကွယ်စောင့်ရှောက် ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ ကော်မတီဝင်များက ဌာနများအလိုက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှု အဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)