အမ်း ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂ ခုနစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူလတန်းအဆင့် ကလေးငယ်များဖြင့် ယနေ့နေ့လယ် (၁၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆန်းသစ်တီထွင် ဖန်တီးလိုစိတ်များ ဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပြီး အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပရခြင်း၊ ပြိုင်ပွဲနှင့်ပတ် သက်သည့် အမှတ်ပေးစည်းမျဉ်းများ ဆေးရောင်ခြယ်ရာတွင် အရောင်သုံးစွဲပုံသုံးစွဲနည်း များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအားကျင်းပခဲ့ရာ အမ်းမြို့အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်တို့က ကျောင်းသား၊ ကျောင်းသူများအား အားလပ်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေလေ့လာ ဖတ်ရှုကြရန်၊ စာပေမှအသိပညာဗဟုသုတများ ရရှိ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ကြရန် ဆွေးနွေး ဟောပြောခဲ့ပြီး ပြုင်ပွဲတွင်ဆုရရှိသူများအား ဦးစီးအရာရှိ ဦးစန်းဝင်းက ဆုများချီးမြှင့်ကာ ပြိုင်ပွဲဝင်များအား ဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုးမင်းထွန်း