မုဒုံ ဒီဇင်ဘာ ၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၄) ကန်ကြီးရပ်ရှိ(ယခင်အောင်အေးကျောင်း)အား ယခုအခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ သြဝါဒလမ်းညွှန်ချက်နှင့်အညီ မြို့နယ်သံဃနာယကအဖွဲ့သြဝါဒခံ “ကန်တော်မင်္ဂလာပရိယတ္တိစာသင်တိုက်” အဖြစ် ဖွင့်လှစ်ခြင်းနှင့် ကျောင်းထိုင်ပဓာနနာယကတင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသာသန၊ မြို့နယ်သံဃနာယကအဖွဲ့ သြဝါဒဆရာတော်ကြီးများ၊ မုဒုံတပ်နယ်မှူးဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွက်ဆိုဘုရားရှိခိုးကန်တော့၍ အခမ်းနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဘဒ္ဒန္တကိတ္တိဝဏ္ဏ(အဂ္ဂမဟာပဏ္ဍိတ)မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂျုံးဂျုံးဂျကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ဆက်လက်၍ သဘာပတိဆရာတော်ကြီးထံမှ ပဓာနနာယကတင်မြှောက်မှုနှင့်စပ်လျဉ်၍ သြဝါဒဂါထာ မိန့်ကြားတော်မူသည်။
ထို့နောက် ပဓာနနာယကတင်မြှောက်မည့် ဆရာတော်၏ဘွဲ့အမည်ကို သမ္မုခီအဆိုတင်လျှောက်ထားခြင်း၊ ထောက်ခံခြင်း၊ အတည်ပြုခြင်း၊ သဘောတူကျေနပ်ကြောင်းနှင့် ပဓာနနာယကအဖြစ်လက်ခံကြောင်း လက်မှတ်ရေးထိုးပြီး ကျောင်းအပ်နှံစာချုပ်အား သြဝါဒစရိယဆရာတော်ကြီးများမှ ဖတ်ကြားခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်တို့က ဆရာတော်ကြီးများအား သင်္ကန်း၊ လှူဖွယ်ဝတ္ထုနှင့်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)