ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး တောင်ဦးတောင်ကလပ်၌ ဓမ္မာရုံအသစ် အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၈) နာရီက ဦးရာဇ်တော်တောင်ဦး ဓမ္မာရုံသစ်မြေနေရာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်ပြည် သူများက မြို့မပရိယတ္တိကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလကို ခံယူဆောက်တည် ကြပြီး ပင့်ဖိတ်ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်မြတ်တို့ကို နာယူခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများနှင့် ဂေါပကအဖွဲ့ဥက္က ဦးမောင်ကျော်အေးတို့က ရွှေအုတ်၊ ငွေအုတ်များချပေးကာ အမွှေးနံသာရည်တို့ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါ ဓမ္မာရုံအသစ်မှာ ကျပ်သိန်းပေါင်း (၂၀၀၀) ကျော်ခန့် ကုန်ကျမည့်အလျား (၇၀) ပေ၊ အနံ (၅၀) ပေ၊ အမြင့် (၁၂) ပေ၊ ဝရံတာ(၈)ပေ၊ သံကူကွန်ကရစ် (RC) တစ်ထပ်ဆောင်ဖြစ်ပြီး ဦးထွန်းအောင်သာ (RSE) အင်ဂျင်နီယာက ကြီးကြပ်တာဝန်ယူ၍ တည်ဆောက်သွားမည်ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)