မိုင်းဆတ် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို ဟောပြော ပွဲနှင့် အသိပညာပေး နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက အ.ထ.က (မိုင်းဆတ်) မြတ်ပညာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှု သမိုင်းကျဉ်းနှင့် အနာဂတ်လူငယ်များနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများက လွတ်လပ်ရေးကို အစဉ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျောင်းသား/ ကျောင်းသူ လေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုး ပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်၊ မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းဝေယံထွန်းက ရေသယံဇာတအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များနှင့် အသိပညာပေး ဓာတ်ပုံများပြသခြင်း တို့ကိုဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)