မတ္တရာမြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ရုံးဖွင့်ပွဲကျင်းပ

မတ္တရာ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်()ရပ်ကွက် မှန်စီဘုန်းတော်ကြီးကျောင်းအတွင်းရှိ အသင်းရုံး တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမာတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောက်တံတား ရေနားကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ၊ တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးကြည်သိန်း၊ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေး တပ် ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးသန်းကျော်နှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌတို့မှ အသင်းဆိုင်းဘုတ် အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကြွရောက်လာသော ဆရာတော်များနှင့် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းများမှ အသင်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်တို့ဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နာယက ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောက်တံတား ရေနားကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒောဘာသမှ ဩဝါဒတရားဟောကြားတော်မူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးနှင့် မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) ဥက္ကဋ္ဌနှင့် အသင်းဝင်များမှ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လှူဒါန်းခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးရှေ့တွင် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အဆိုပါ မတ္တရာမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းရုံးဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များ၊  တိုင်းဒေသကြီးနှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် ခေတ္တတပ်ရင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)