ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အပတ်စဉ်(ဝိဇ္ဇာ/သိပ္ပံ)ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အပတ်စဉ်(ဝိဇ္ဇာ/သိပ္ပံ) ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာခင်ခင်ထွတ်က အဆင့်မြင့်ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရေး၊ တက္ကသိုလ်ဂုဏ်အင်္ဂါကို မြှင့်တင်ပေးမည့် သုတေသနစာတမ်းကောင်းများ ပိုမိုထွက်ပေါ်လာစေရေး၊ အစဉ်သင်ယူလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း အပတ်စဉ်သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာဦးဖြူက “Clue study of Pakokku”ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ကြားပြီး တက်ရောက်လာကြသည့် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စာတမ်းနှင့်ပတ်သက်၍ မေးမြန်းမှုများကို  ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ထို့အပြင် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရူပဗေဒဌာနမှကထိက ဒေါက်တာသောင်းလှိုင်ဝင်းက “ Size Depentent Extinction Properties of Plasmonic Metal Nanopartices” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုက္ခဗေဒဌာနမှ သရုပ်ပြဒေါ်အိအိမွန်က “ Isoation of Fungi from the Soil Samples of Pakokku University Campus and their Antimicrobial Activity” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုက္ခဗေဒဌာနမှ သရုပ်ပြဒေါ်သန်းဆွေဝင်းက “Influence of Different Organic Fertilizers on Growth and Yield of Capsicum annuwm” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းများဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းများ ဖတ်ကြားခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင်လည်း ကောင်း၊ သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းများကို အပတ်စဉ်သောကြာနေ့တိုင်းတွင်လည်းကောင်း ဆက်လက်ဖတ်ကြားကြမည်ဖြစ်ပြီး ဖတ်ကြားခဲ့သော စာတမ်းများမှ သုတေသနစာတမ်းကောင်းများကို ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)