ဓနုဖြူ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ စည်ပင်သာယာဈေးများနှင့် ဈေးဆိုင်များ၊ ဆိုင်ခန်းများအား တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း ဖွင့်လှစ်ရောင်းချရန် ယမန်နေ့ မွန်းလွဲ(၁)နာရီက ဈေးဆိုင်ခန်းများအရောက် အသိပညာပေးနှိုးဆော်ခဲ့သည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် အခြေခံ စားသောက်ကုန်နှင့် ဆေးဝါး ရောင်းချသည့် ဆိုင်များကို စျေးအတွင်း နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီ အထိ ဖွင့်လှစ်ရောင်းချရန်၊ ကျန်ဈေးဆိုင်ခန်းများကို ယာယီပိတ်သိမ်းထားရန်၊ မြို့တွင်းရှိ ပုဂ္ဂလိကဆိုင်ခန်းများ၊ အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းသက်သာဆိုင်ခန်းများ၊ စေတီပုထိုးများရှိ ဈေးဆိုင်များအစရှိသည့် စျေးဆိုင်များ အားလုံးကို နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိသာ ဖွင့်လှစ်ရောင်းချရန်နှင့် ပုဂ္ဂလိက ဆေးဝါးဆိုင်များကို နံနက် ၆ နာရီမှ ည ၈ နာရီအထိ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဈေးဆိုင်ခန်းများအရောက် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)