ပေါင်းတည်မြို့နယ် အ.ထ.က(ခွဲ)ပေါက်တန်းတွင် ပရိတ်ရွတ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)ပေါက်တန်းတွင် ကျောင်းကောင်စီအသင်းလိုက် ဗုဒ္ဓပရိတ်တော်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကျီးပင်အုပ်စု၊ ပေါက်တန်းရွာဦးကျောင်းတိုက်ဆရာတော် ဦးသြသဓနှင့်ဆရာတော်သံဃာတော်များက နမောတဿဗုဒ္ဓပဏာမဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက ပေါက်တန်းရွာဦးဆရာတော်၏ သြဝါဒခံယူကြသည်။ ဆက်လက်၍ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ပေါက်တန်းအ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာကြီးဦးထွန်းထွန်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကိုပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ရတနာမြတ်သုံးပါးတို့ကိုရင်ဝယ်ပိုက်ထွေး၍ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးယဉ်ကျေးသိမ်မွေ့သော၊ အမျိုးဘာသာယဉ်ကျေးမှုကို မြတ်နိုးသော၊ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းများပေါ်ထွန်းလာစေရန်အတွက် ဤဗုဒ္ဓပရိတ်တော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျည်းစည်းကမ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းများမှ ဝတ်ရွတ်အဖွဲ့ ၅ သင်းဖြင့် စုဖွဲ့ယှဉ်ပြိုင်စေပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ရွတ်ဖတ် ပူဇော်ကြမည်ဖြစ်ကြောင်း၊ အငြိမ်းစားကျောင်းဆရာ၊ ဆရာမကြီးများက ပဏာမအကောင်းဆုံးဝတ်ရွတ်အဖွဲ့ကို အမှတ်ပေးရွေးချယ်ပေး၍ ဆရာတော်သံဃာတော်များက ပထမနှင့်ဒုတိယဆုများအတွက် ဆက်လက်ရွေးချယ်ပေးမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို ၂ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက် )