မြောင်းမြ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဆရာအတတ်ပညာဦးစီးဌာန၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းသီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာများခံယူအပ်သော သစ္စာအဓိဌာန်(၆)ချက် ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သင်တန်းအဖွင့်အမှာ စကားပြောကြားပြီး၊ ကျောင်းအတွက် ချီးမြှင့်ငွေကျပ်ငါးသိန်းကို ပေးအပ်ခဲ့ရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူပါသည်။ ဆက်လက်ပြီး ကျောင်းသား/သူများက ခရိုင်/မြို့နယ်အလိုက် မိတ်ဆက်ကြရာ ကျောင်းသား ၈၅ ဦး၊ ကျောင်းသူ ၁၁၂ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉၇ ဦးတို့ ပထမနှစ် (ပထမနှစ်ဝက်)တွင် ပညာသင်ကြားနေကြောင်း သိရသည်။
အခမ်းအနားသို့ မြောင်းမြ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ပထမနှစ် (ပထမနှစ်ဝက်)တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)