ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး   

ကန့်ဘလူ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန် များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒီဇင်ဘာ ၇ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချ​ပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေး တို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန်၊ ဆီ၊ ငါးခြောက်နှင့် ကြက်ဥ စသည့် ပစ္စည်းလေးမျိုးတို့ကို ကျပ် ၃၀၀၀ ဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးပြီး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)