ကျိုက်ထို ဒီဇင်ဘာ ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်အတွင်းရှိ ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်နှင့်အလှမ်းဝေးသော ကော့စနိုင်ရပ်ကွက်၊ ဘောဂနာ အရှေ့ပိုင်းရှိပြည်သူများတို့အား သုတ/ ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်း၊ ပြန်လည်အပ်နှံသည့်စာအုပ်များ သိမ်းဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသူများအတွက် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်းများသို့လည်း လစဉ်ပုံမှန် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး(ကျိုက်ထို)