ချမ်းမြသာစည် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်း နန်းကေသီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုစကားဝိုင်း ပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေကြောင်း၊ သက်ရွယ်တူအချင်းချင်း အသိပညာဗဟုသုတ ဖလှယ်ဆွေးနွေးခြင်းဖြစ်၍ အကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးလည်း ရင်းနှီးနွေးထွေးမှုတွေ ရှိလာမှာဖြစ်ကြောင်း၊ မိမိတို့ကျောင်းသာမက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင်လည်း စီစဉ်ကျင်းပဆောင်ရွက်ပေးစေလိုကြောင်း၊ ပညာရေးဌာနအနေဖြင့် အမြဲကြိုဆို လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားနောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ အမှတ် (၃၄) အ-ထ-က Grade (9)၊ Grade (10) နှင့် Grade (11)မှ ကျောင်းသား၊ ကျောင်းသူ(၄) ဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အနုပညာ၊ လူငယ်နှင့် စာပေ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး စသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ယနေ့ ကျင်းပ ပြုလုပ်သော လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့် တကွ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ စကားဝိုင်းဆွေးနွေးပွဲပြီးနောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာဖြင့် လေ့လာကြည့်ရှု ခဲ့ကြကြောင်းသိရှိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)