မိုင်းပန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်များတွေ့ဆုံ

မိုင်းပန် ဒီဇင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ကုန်းကျိုင်းကျေးရွာနေ ပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ကုန်းကျိုင်းကျေးရွာရှိ ညောင်ခုံခမ်းဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျေးလက်နေ ပြည်သူများသိရှိနားလည် သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် လိုက်ပါလာကြသည့် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကျော်ညီညီလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းနိုင်တို့က နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး အကြောင်းအရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းအောင်က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်း အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ဒေသခံပြည်သူများမှ မိမိတို့သိရှိလိုသည်များ၊ တင်ပြချက်များ မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ဝင့်သူဇာထွန်းက ကုန်းကျိုင်းကျေးရွာအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်(ပြန်/ဆက်)