ပွင့်ဖြူ ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အခြေခံအိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)နှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေထိုင်သည့် အခြေခံအိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ - ၆၆/၆)နှင့် မြေပြင်တွင် အမှန်တကယ်နေထိုင်မှု ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးခြင်း၊ အိမ်ထောင် လူဦးရေစာရင်းတွင် သေဆုံးစာရင်းများ ပယ်ဖျက်ခြင်း၊ လူပုဂ္ဂိုလ်အမည်စာရင်း ထပ်နေမှုများနှင့် မွေးဖွားသည့် ရက်/လ ထပ်နေသူများစာရင်း စိစစ်ခြင်း၊ မွေးသက္ကရာဇ် မပါသူများ/ မပြည့်စုံသူများ စိစစ်ခြင်း၊ နိုင်ငံသားကတ် (၂)ကြိမ် / (၃)ကြိမ် ထပ်နေသူများ စိစစ်ခြင်း၊ အသက် (၁၈)နှစ်အထက်နှင့် (၁၈)နှစ်အောက် နိုင်ငံသားကတ် မရှိသူများ စိစစ်ခြင်းတို့ကို စနစ်တကျ တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင်လူဦးရေစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် သတ်မှတ်ကာလတွင် အချိန်မီပြီးစီးရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )