မင်းဘူး ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက် တော်ဘုရားပွဲတော်နှင့်အတူ တစ်ဆက်တည်း ဖွင့်လှစ်သွားမည်ကြောင်း မင်းဘူးသစ်ထုတ်ရေးဒေသတာဝန်ခံ ခရိုင်မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ တောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကိုအခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ် ထားကြောင်း သိရသည်။
“ဆင်စခန်းကတော့ ယခုလက်ရှိမှာ အဆက်မပြတ် ဖွင့်လှစ်ထားပြီးတော့ ရွှေစက်တော်ဘုရား ပွဲတော်ချိန်မဟုတ်တော့ လာရောက်သူတော့ နည်းပါးတာပေါ့။ ဆင်စခန်းမှာ လာရောက်အပန်း ဖြေတဲ့သူတွေကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့၊ ခရီးတိုဆင်စီးရင် တောတောင်ရေမြေနဲ့ စိမ်းစို သာယာလှပတဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ရှုခံစားနိုင်စေဖို့နဲ့ မန်းချောင်းဘေး ဆင်များနှင့်အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်စေဖို့အတွက် ယာယီတံတား၊ တည်းကျောင်းနဲ့ အလှဆင်တာတွေကို ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား အနေနဲ့ ဆင်လိမ္မာလေးတွေနဲ့အတူ ကပြ(အလှပြ) ဖျော်ဖြေ ဧည့်ခံတဲ့အစီအစဉ် (Elephant Show)ကို ထည့်သွင်းဆောင်ရွက်သွားမှာပါ”ဟု ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်က ပြောသည်။
အဆိုပါ ဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ်ထားကြောင်း၊ ဆင်ထီး(၄)ကောင်၊ ဆင်မ (၇)ကောင်၊ စုစုပေါင်း ဆင် (၁၁)ကောင်ရှိပြီး ပြည်တွင်းခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်း၊ တည်းခိုဆောင်အနေဖြင့် ဘန်ဂလို(၁၁)လုံးရှိပြီး တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၃၀၀၀၀ ကျပ်နှုန်း အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း အပါအဝင် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း (၂၂)ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)