ဖျာပုံ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ဖျာပုံမြို့နယ် မီးသတ်ဦးစီးမှူး ရုံးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် “မီးသတ်တပ်ဖွဲ့ အနေဖြင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝ ဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်း လေ့ကျင့်သင်တန်းပေးခြင်း ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုး သယ်ပိုးကြရန်၊ ပြည်သူကြားက ပေါက်ဖွားလာသော တပ်ဖွဲ့ဖြစ်သည်နှင့်အညီ ပြည်သူယုံကြည် အားကိုးထိုက်သူများ ဖြစ်အောင် တပ်ဖွဲ့ဝင်များ လိုက်နာစောင့်ထိန်း ရမည့်ကျင့်ဝတ် (၁၀၂) ပါးနှင့်အညီ ကျင့်ကြံနေထိုင်ကြရန်နှင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ မီးဘေးလုံခြုံရေး သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသော တာဝန်များကို အရန်တပ်ဖွဲ့ဝင်များအနေဖြင့် လိုက်နာဆောင်ရွက် ကြစေလိုကြောင်း၊ မျက်မှောက်ကာလ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဥ်များကြောင့် ငလျင်ဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက သန္ဓေတပ်ဖွဲ့ဝင်များနှင့် အတူ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ယခုကဲ့သို့ အရန်မီးသတ် လေ့ကျင့်မွမ်းမံ သင်တန်းမှ လေ့ကျင့်သင်ကြားပေးခဲ့သော သင်ခန်းစာများကို ကြိုးစားသင်ယူကြစေလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝေက ကျေးဇူးတင်စကား ပြောကြပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူးက
သင်တန်းသားများအား၊ အရန်မီးသတ် ဝတ်စုံများပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူသည်။ ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများ ရှိအရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးအား၊ သင်တန်းသား (၅၀) ဦးစီ (၂) ဖွဲ့ခွဲ၍ မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် ကိုးအိမ်တန်း ကျေးရွာတို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ဒီဇင်ဘာလ (၅) ရက်နေ့မှစတင်၍ ဒီဇင်ဘာလ (၃၀) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း၊ ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
အောင်ဝင်းနိုင် ဖျာပုံခရိုင် (ပြန်/ဆက်)