မိုင်းခုတ်မြို့၌ သင်္ဘောသီးပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မိုင်းခုတ် ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် လုပ်ကိုင်လျက်ရှိရာ သင်္ဘောသီးပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု အပို ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

သင်္ဘောသီးပင်များကို ကဆုန်လမှ ဝါဆိုလအတွင်းစိုက်ပျိုးပြီး စတင်ပျိုးထောင်စိုက်ပျိုးရာတွင် သင်္ဘောစေ့ကို သဲတွင် တစ်လက်မ၏ ၄ ပုံ ၁ ပုံခန့်မြှပ်၍ အလင်းရောင်လုံလောက်အောင်ရသော ကွင်းပြင်တွင် ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ၁၅ ရက်မှ ရက် ၂၀ အတွင်း အပင်ပေါက်လေးများ ပေါက်လာပြီး လေးရွက်ထွက် ပျိုးပင်ပေါက်ကလေးများအား ပလပ်စတစ်အိတ်တွင်ဖြစ်စေ၊ ကျည်တောက်များတွင်ဖြစ်စေ ထပ်မံပျိုးထောင်ကြောင်း၊ အရွက် ၈ ရွက်ခန့်ထွက်ပါက မြေတွင်ချ၍ စိုက်ပျိုးကြောင်း၊ ထိုအချိန်တွင် ရေသောက်မြစ်ကို မထိခိုက်စေရန်နှင့် လေကွယ်၍ အလင်းရောင်ရှိသော နေရာတွင် စိုက်ပျိုးရကြောင်း၊ အသီးကြီး၍ ချိုအောင် အသီးစိပ်လွန်းပါက ကျဲအောင် ခြွေပေးရကြောင်း၊ ရေမဝပ်စေရန် ဂရုပြုစိုက်ပျိုးရကြောင်း၊ ဆွတ်ခူးချိန်အဖြစ် ယိုးဒယားပင်ပုမျိုးမှာ ၆ လခန့်နှင့်သီးပြီး အပင်ရှည်မျိုးမှာ ၁၀ လမှ ၁၂ လ အထိကြာမှ သီးကြောင်း၊ မပြတ်သီးပြီး တန်ဆောင်မုန်း၊ နတ်တော်နှင့် တပေါင်း၊ တန်ခူးလများတွင် အသီးကောင်းကြောင်း၊ စိုက်ပျိုးစရိတ်အလွန်သက်သာကြောင်း ဟိုခန့်ကျေးရွာမှ သင်္ဘောသီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဉီးစိုင်းရွက်က ပြောသည်။        

မိုင်းခုတ်မြို့၌ သင်္ဘောသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးရောင်းချခြင်းမရှိသေးသော်လည်း တောင်သူ များအနေဖြင့် မိမိ၏ဉယျာဉ်ခြံမြေရှိ မြေကွက်လပ်၌သော် လည်းကောင်း၊ တောင်ယာအတွင်း၌သော် လည်းကောင်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ဒေသထွက် သင်္ဘောသီးများမှာ အရသာထူးကဲ၍ ကြိုက်နှစ်သက်သူ များပြားသဖြင့် သင်္ဘောသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနည်းဆုံး ငွေကျပ် တစ်ထောင်မှ နှစ်ထောင်အတွင်း ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)