မကွေး ဒီဇင်ဘာ ၃
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့်သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မား ရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၆)နာရီအချိန်က ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများနှင့် အားကစားစိတ်ဝင်စားသည့် ပြည်သူများမှ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့် မကွေးခရိုင်အားကစားကွင်းအနီးရှိ လမ်းငါသွယ်အဝိုင်းပတ်လမ်းမှ စတင်ပြီး ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် ခရိုင်အားကစားကွင်းအထိ တပျော်တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မကွေးခရိုင် အားကစားကွင်းအတွင်း၌ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့ကြသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မကွေးခရိုင်အားကစားကွင်းတွင် ဗလာမပါ ကံစမ်းမဲများအား တပျော်တပါး မဲဖောက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ကြသည့် ဌာနဆိုင် ရာများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသား/ သူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/ သူများနှင့် ပြည်သူများမှ မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံနှင့် လွတ်လပ်ရေးပန်းခြံဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)