စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုလမ်းလျှောက်ပွဲ အင်အား၃၀၀၀ ကျော် ပါဝင်ဆင်နွှဲ

မုံရွာ  ဒီဇင်ဘာ    ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုတွင် ဒီဇင်ဘာလ ၃ ရက်နေ့ ပထမအပတ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီခွဲအချိန်က မုံရွာမြို့ပြည်သူ့အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ရာ စုပေါင်းလမ်းလျှောက်သူ  အင်အား ၃၀၀၀ ကျော်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

စုပေါင်းလမ်းလျှောက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာထမ်းအမှူထမ်းများ၊ တက္ကသိုလ်၊ ကောလိပ်နှင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများစုစုပေါင်းအင်အား ၃၀၀၀ ကျော်တို့ ပါဝင်ဆင်နွှဲခဲ့ကြရာ မုံရွာမြို့ပြည်သူ့အားကစားကွင်း စုရပ်နေရာမှစတင်ကာ ဗိုလ်ချုပ်လမ်းတစ်လျှောက် ကန်သာယာ၊ ရာပြည့်ကပ်ကျော်စေတီတော်မုဒ်ဦးအထိ ထိုမှတဖန်  ပြည်သူ့အားကစားကွင်းသို့ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးနောက် ပြည်သူ့အားကစားကွင်းအတွင်း တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်လက်လေ့ကျင့်ခန်းအမှတ်စဉ် ၁ ၊ အမှတ်စဉ် ၂ သရုပ်ပြမှုနှင့်အတူ  သွေးပူလေ့ကျင့်ခန်း အားကစားစုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်  လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ကောက်ညှင်းပေါင်း၊ အကြော်များ၊ လက်ဖက်ရည်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီးနောက် စက်ဘီး၊ တီဗီအပါအဝင် ကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိသည့် ဆုမဲပေါင်း ၁၀၀ ကျော်ကို ကံစမ်းမဲဖောက်ပေးခဲ့ကြပြီး ဒီဇင်ဘာအားကစားလ ပျော်ပွဲရွှင်ပွဲများနှင့် ပြိုင်ပွဲများ ဆက်လက်ကျင်းပပြီးနောက် ကံစမ်းမဲ ပေါက်သူများနှင့် ပြိုင်ပွဲများတွင်ဆုရရှိကြသူများအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ  လူထုလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကံစမ်းမဲများလည်း အပတ်စဉ်မဲဖောက်ဆုချပေးသွားမည်ဖြစ်ပြီး မည်သူမဆိုပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)